br />
မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် ရာဇဖွား မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ
Tuesday, November 5, 2013
ချစ်ခြင်းတရားနှင့် ကြည့်သောမျက်ဝန်း
မင်းရဲ့မျက်ဝန်း
ခန့်တည်တဲ့ အကြည့်တစ်ချက်
စိတ် ရဲ့ ရင် တွင်းဒဏ်ဖြစ်
ရေပွက်က လေးတစ်ချက် ထပွက်ခဲ့တယ်...။်
ဖြူစင် ပါတယ် မင်းစိတ်
သိမ်ငယ်ခြင်းတွေ တမံကာထားပါ
ယိုကျတဲ့ စိတ်ငယ်ခြင်းတွေ
အခြားသူတွေ မမြင် ပါစေနဲ့ ကောင်လေးရေ...။
အမျိုးချစ်တဲ့စိတ်
ခေါင်းမာခြင်းတွေ မဖြစ်ဖို့
သတိပေးလိုက်ပါရ စေ
မင်းကိုပြိုကျမိတဲ့ မေတ္တာရေစီး
စိမ့်ရေဖြစ်ခဲ့တဲ့ ကျမ
အချစ်ကြောင့် ပြောနေမိတယ်
နိမိတ်တွေပြ စီးမလာတဲ့မေတ္တာ
ချစ်ခြင်းကိုသိလာမယ့်နေ့
စောင့်နေရင်းပြောပြ
ဒါတွေကို ကောင်လေး သိပါစေသား...။
ရာဇဖွား
1-11-2013
2:45 PM့
မာယာ-၉
နေလ ( န + ဧလ )
ဒေါသမထွက်
သွက်နေ သောလက်
အ ဖြေရခက်ခဲ့ပေါ့....။
ခေါင်းတစ်ခုလုံး မီးတောက်
ဆေးသောက်လည်း မ ပျောက်ဘူး...။
ရပ်တန့်မသွားသေးသောထွက်သက်
ဇွက်ထွက်ဖို့ကြိုးစား
ဦးနှောက်က တွန်းအားပေးနေတယ်...။
အ တွေးခက် အ ရေးခက်
အ ဖြေရခက်နေဆဲ
ဦးနှောက်ထဲ ဆိုးသွမ်းတဲ့
ဗိုင်းရပ်စ်ပိုးတစ်ကောင်
ခိုးဝင် လာခဲ့ပေါ့......။
ရာဇဖွား
2-11-2013
6:23 PM့
တစ်ခါက ညီမလေး
တစ်ခါက ညီမ လေးတစ်ယောက်
ကျနော် နေတဲ့မြို့ပြ အောက်ကို
သစ် ရွက် ခြောက်လို လွှင့်ကျလာခဲ့တယ်....။
ခါးသက်သက်
ရက်စွဲပေါင်းများစွာကို
အရက်ကိုတံတားခင်းပြီး
ဖြတ်လျှောက်သွားဖူးတယ်...။
အလွမ်းနေ့ရက်စွဲတို့
ပြက္ခဒိန်မှာပြည့်နက်နေခဲ့တယ်
နာရီသံစည်းချက်
သွက်နေသလားပဲ
အလဲထိုးတိုက်ခဲ့တဲ့စီးချင်း
ပြင်းထန်လွန်းခဲ့တယ်...။
ရာဇဖွား
5-11-2013
11:53 PM
Sunday, November 3, 2013
မာယာ-၇
ကံကြမ္မာဆိုးတွေ
ဇွတ်တိုးဝင်ရောက်လာတော့
ချွတ်ယွင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတယ်...။
ငါ...မကြိုက်တဲ့ အရက်ကို
အခု..ကြိတ်မှိတ်ပြီးသောက်နေရတယ်...။
ပဒိုင်းသီးစားရင်
ရူးမယ်မှန်းသိလျက်နဲ့
မစားချင်ပဲ စားနေရတယ်...။
ကုန်းခန်းပါတော့ အရက်
ငါ..ဆက်ပြီး မသောက်ပါရစေနဲ့တော့...
သောက်လည်း မသောက်ချင်တော့ဘူး..။
မျိုးတုံးပါတော့ ပဒိုင်းသီး
ငါ..ငြီးငွေ့နေပြီ
ဆက်ပြီး မစားပါရစေနဲ့တော့...
စားလည်း မစားချင်တော့ဘူး...။
ရာဇဖွား
20-9-2013
မာယာ-၆
ငှက်ကြီးတောင်ဓါး သွေးထားသတဲ့
ပြောလိုက်သေးတယ်....
ဘာတဲ့.....
တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းတဲ့
စကားသံတွေက အရိပ်တစ္ဆေလို
ခြောက်လှန့်စေခဲ့တယ်
ပြီးတော့...
ငါ့ရည်မှန်းချက်တွေကို
ချုပ်နှောင်ပြီး  သဲထဲရေသွန်ဖြစ်စေခဲ့တယ်....။
ငရဲပြည်ကို မဆင်းချင်စမ်းပါနဲ့တဲ့
သြော်....
ဘယ်သူဆင်းချင်ပါ့မလဲ
သို့ပေမယ့်...
ပုထုဇဉ်လူသားဆိုတော့
မခက်ပါလားကွယ်...။
ရာဇဖွား
22-8-2013
မာယာ-၅
ခေါက်ရိုးကျိုးနေတဲ့
ဝေါဟာရ ပညတ်တစ်ခုက
ချုပ်ကိုင် လွှမ်းမိုးထားတာကြောင့်
အသိစိတ်နဲ့ မသိစိတ်ကြားမှာ
မလုပ်သာ မလွန့်သာနဲ့
ချောင်ပိတ်ပြီး အရိုက်ခံရသလိုပါပဲ...။
ရင်ထဲမှာသံမှုရိုက်ထားသလို
စွဲကပ်တည်နေတဲ့ ပညတ်တစ်ခုကြောင့်
လူတိုင်းကြိုက်နှစ်သက်တဲ့
အာဟာရကို စားသုံးခွင့်မရခဲ့ဘူး
တကယ်တော့ လူဟာ လူပါပဲလေ...။
ရာဇဖွား
20-8-2013
မာယာ-၎
ကြယ်တစ်လုံးကြွေကျရုံနဲ့
ကောင်းကင်ကအလှတရား
ပျက်မသွားပါဘူး....။
လမင်းကြီးရဲ့ အလင်းရောင်လည်း
မှေးမှိန်မသွားပါဘူး
လှဆဲ ပဆဲ
ထွန်းဆဲ လင်းဆဲ
ကျနော်လည်း လမင်းကြီးကို ချစ်နေဆဲပါ....။
အသိတရားနဲ့ 
နှလုံးသားခံစားမှု
တသားတည်းမကျသေးသမျှတော့
ဆားငန်ပင်လယ်မှာ
မျှောရှာရအုန်းမယ်
ဟုတ်တယ်....
ကျနော် မျှောရပေအုန်းမယ်....။
ရာဇဖွား
18-8-2013
Saturday, September 14, 2013
ညီမငယ်များသို့....
အို...ညီမငယ်
ဝိဇာတဟု
ရောက်ထ နေ့ဝယ်
ဆိုဖွယ်စကား
ကျွန်ုပ်ပြောကြားမည်
နောင် များတစ် ရာ
နှစ် ရှည်ကြာအောင်
ရှည်ကြာကာလ တည်စေကွယ်....။
အို...ညီမငယ်
ထိုမှတစ်ဖန်
ဆိုရပြန်မူ
တစ်အူတုံဆင်း
ညီမရင်းသို့
မယွင်းထားကာ
ပမာပြုပြီး
ကိုကြီးဆိုမည်
ဖူးတံငုံစီ
ပန်းဝတ် ရည်ကို
စုတ်ချီသောက်သုံး
ပျားပိတုန်းတို့
စုရုံးလို့သာ
ပန်းနားလာလိမ့်
ထားချိမ့်သတိ မြဲစေကွယ်...။
အို...ညီမငယ်
ထိုမှတစ်ဖန်
ဆိုရပြန်သော်
လောကဓံမည်ငြား
ထိုတရားလည်း
နေ့လားညလား
ချိန်းထားတစိ
မြဲမရှိဘူး
ရောက် ရှိခါဝယ်
အားငယ်ဝမ်းသာ
မဖြစ်ပါပဲ
မျှော်ကာရည်မှန်း
ဘဝလမ်းကို
လျှောက်လှမ်းပန်းတိုင်ရောက်အောင် ကွယ်...။
ရာဇဖွား
Wednesday, August 14, 2013
ကိုယ့်ဘဝ အလှငွေလမင်း (ဖြစ်ရပ်မှန်)
ချစ်ရတာ ပင်ပန်းလွန်းတယ် ဂုဏ်
လောကကြီးအလယ် ချစ်ရတာ
ပင်ပန်းလွန်းတယ် ငွေလောကကြီး
အလယ် ဟုတ်တယ် ချစ်ရတာသိပ်
ပင်ပန်းတယ်ဗျာ ။ ချစ်သူက ဂုဏ်မြင့်
သူ ဂုဏ်ကြီးရှင် ။ ပင်ယံထက်ကပန်း
ဆိုတော့ ဆွတ်ချင်သူပေါမှာပေါ့လေ။
ကျနော်က စီးစိမ်ဥစ္စာ ဗလာနတ္ထိ
ဘာမှကိုမရှိဘူးလေ။ ချစ်သူကို
ပေးနိုင်တာဆိုလို့ကျနော့မှာ
မေတ္တာရယ် သစ္စာရယ် ဒါပဲရှိတယ်
နောက်ကိုယ်ကျင့်တရားရယ်
သစ္စာတရားမေတ္တာတရားရှိရုံနဲ့
ကိုယ့်ချစ်သူကို ကိုယ်ရဖို့မဖြစ်နိုင်တဲ့
ခုခေတ်ကြီးမှာ ကျနော်ဘာများတက်
နိုင်အုန်းမှာလဲဗျာ။ကျနော့ဘဝနဲ့
ကျနော်ပဲ ရှိပါစေတော့။ ပန်းခင်းလမ်း
ကိုလျှောက်နေတဲ့ ချစ်သူကိုအဝေး
ကနေကြည့်ပြီး ကျနော်ပျော်ပျော်
ကြီး နေနိုင်ပါတယ်။ ကောင်းကင်က
ငွေလမင်းကို ပိုင်ဆိုင်ခွင့်မရှိပေမယ့်
မပိုင်ဆိုင်နိုင်ပေမယ့် မျှော်ကြည့်ရင်းနဲ့
ကျနော် ပျော်နေအုန်းမှာပါ....။
ချစ်သူဟာ ကျနော့ဘဝ
အလှငွေလမင်း ကျနော့်ဘဝရဲ့
မီးအိမ်ရှင်ပါ.......။
ရာဇဖွား
14-8-2013
နေညိုရင် ရွှေဘိုကို လွမ်းတယ်
နေညိုညို
ပြည်ပဟိုရ်စည်သံများကိုတဲ့
မကြားရကြာလေပြီ....
ဟုတ်တယ် ကြာခဲ့ပြီ
ကြာခဲ့ပါပြီကွယ်
ဇာနည်ဘွားဦးအောင်ဇေယျရယ်က
ရန်ကြီးအောင်ကုန်းဘောင်ခမယ်တဲ့
ရတနာသိင်္ခ မုဆိုးဘို
ရွှေဘိုရယ်ကတစ်ဖြာ
ငါးမည်ရတဲ့ပြည်ရွှေဘိုကို
ဝါးရင်းတုတ်စွဲကိုင်ကာ
တတိယမြန်မာနိုင်ငံတော်
သူ....တည်ထောင်နိုင်ခဲ့တယ်
နေဝင်ချိန်ငှက်လေးများရဲ့
တေးသံချိုချိုကိုရောက်ဖူးသူတိုင်း
သိကြပါလိမ့်မည် အဲ့ဒါ ရွှေဘိုလေ
ပင်ထန်းတောရယ်ကအုံ့စိုင်းဝေဖြာ
သူတစ်ခါ ငါတစ်လှည့်နဲ့
ဆွေသဟာမိတ်အပေါင်းရယ်တို့
မြည်းစရာကြွက်ကျော်တွေနဲ့
ရွှင်ပြကာဝိုင်းဖွဲ့ သောက်ကြတယ်
ကိုကြီးသံရေ......(သံသရာ)
နေညိုရင်ရွှေဘိုကိုလွမ်းလိုက်တာလေး...။
ရာဇဖွား
14-8-2013
Tuesday, August 13, 2013
အဆိပ်ပြင်းသော မြွေပွေးတစ်ကောင်
ကြယ်ကြွေညတိုင်းဆုတောင်းမိတဲ့ငါ
ကျိန်စာများသင့်ခဲ့လေသလား 
မှုန်ဝါးနေတဲ့အနာဂါတ်ကို 
ငါဘယ်လိုဖြတ်သန်းရမှာလဲ
 ယောက်ျားတံခွန် လူရည်ချွန်က
 ကောင်းကင်တမွတ်ကြယ်ကိုဆွတ်လည်း
 မလွတ်စတမ်း ရမြဲတမ်းတည်းးးးးတဲ့
 ဖြတ်သန်းလျှောက်လှမ်းရင်း
 မြည်တမ်းမိ ထိုစကား 
 ငါ့အတွက်အားဆေးတစ်ခွက်အလား
လူတိုင်းဟာ ကိုယ့်ကြမ္မာကို
 ကိုယ်တိုင်ဖန်တီးနေရလို့  
ကံစေရာကို သွားရတာမဆန်းပါဘူး
ငါဟာ,.. ကြောင်သူတော်ကြွက်သူခိုးမဟုတ်ဘူး
သိုးယောင်ဆောင်တဲ့ဝံပုလွှေလည်း မဟုတ်ဘူး
သေချာတာကတော့ 
ငါဟာ အဆိပ်ပြင်းတဲ့မြွေပွေးတစ်ကောင်ပဲ
ရာဇဖွား
စီးသွားသောပုလဲငွေရည်
အမေ......... 
 လောကကြီးတိတ်ဆိပ် အမေလည်း အိပ်နေရာ့ပေါ့......
 အမေ့ရဲ့လက်မောင်း 
 သားခေါင်းအုန်းပြုလျက်
 အိပ်စက်ခဲ့တဲ့ရက်တွေကို သားလေ....
သတိရလိုက်တာလွန်ရော 
 အမေလည်း....
သတိရမှာပေါ့နော်
အမေ့ကိုထား ပြစ်မသွားခင်မှာ
မှာတမ်းချွေနေတဲ့ အမေ့စကား 
သားကြားယောင်နေတယ် အမေရယ်...
 ပြီးတော့လေ........ 
စီးသွားသောပုလဲငွေရည်ကြောင့်
 အမေ့ပါးက သနပ်ခါး 
မှုန်ဝါးဝါးသာကျန်လို့ 
သားရင်မှာ ဆို့နင့်ခဲ့ရတယ် အမေရယ်...........။
ရာဇဖွား
ဘ၀မှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်
၁။ ကိုယ့်ကို အကူအညီမတောင်းမချင်း သူတပါးအလုပ်ကို ၀င်မစွက်ဖက်မိအောင် ပြုမူနေထိုင်ပါ။
၂။ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်ဓာတ်မွေးမြူနိုင်အောင် ကြိုးစားပါ။
၃။ လိုချင်စိတ်တော့ထားပါ။ သို့သော် ငတ်ကြီးမကျမိအောင်ကိုယ့်လောဘကို ထိမ်းနိုင်အောင်ကြိုးစားပါ။
၎။ တဖက်သားအပေါ်မနာလိုဝန်တိုစိတ် မဖြစ်မိစေရန် ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ထားပါ။
၅။ ကိုယ့်ဘ၀ကို ကိုယ်တိုင်ပြောင်းလဲမှ ရနိုင်မည်ဆိုသည့်အသိမျိုးကို အမြဲပျိုးထောင်ပေးထားပါ။
၆။ ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကို လွယ်ကူစွာ ကုစားနိုင်သူဖြစ်အောင် ကြိုးစားပါ။
၇။ မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ စိတ်ဓာတ်မျိုးမမွေးမိအောင် ကြိုးစားပါ။
၈။ ကောင်းမှုတစ်ခုကို နေ့စဉ်ပြုလုပ်လိုတဲ့စိတ်ဓာတ် မွေးမြူထားပါ။
၉။ ပူဆွေးဝမ်းနည်းမှုတွေနဲ့အတူ အချိန်မဆွဲမိအောင် ကြိုးစားပါ။
၁၀။ ဘယ်တော့မှ သတိလက်လွတ်မဖြစ်စေရအောင် ကြိုးစားနေထိုင်ပါ။
တဒင်္ဂအတွေးစလေးများ---၁၃
ချွေးတပြိုက်ပြိုက်နဲ့
ပူအိုက်တဲ့ နွေလရာသီမှာ
ရွှေဥသြရယ်က တွန်သံမြူး
လေရူးတွေနဲ့အတူ
ဆော့ကစားနေတဲ့
သစ်ရွက်ကလေးတွေဟာ
`နွေ'ဆိုတာကိုသက်သေပြနေတယ်
ခင်.....။
ဝေဟင်ယံ နဘံထက်ဆီက
အုံ့ပျပျ ညိုမှောင်ရီခြယ်
တိမ်မိလ္လာ ဟိုဒီကူးလို့ ရယ်
ရွှေပစ္စုန် ကိုရွှေမိုးရယ်က
ဖြိုးဖြိုးဖျောက်ဖျောက်
ကျလာသည့်မိုးပေါက်လေးတွေဟာ
`မိုး'ဆိုတာကိုဖော်ညွန်းနေတယ်ခင်,.။
မြောက်ပြန်လေ သုန်သုန်မြူး
ငွေနှင်းမှုန် ဖွေးဖွေးနှင့်အတူ
ပန်းသဇင်လေးတွေပွင့်ကြလေရဲ့ 
အဲ့ဒါကိုတော့ဖြင့်
`ဆောင်း´လို့ ခေါ်တယ် ခင်.....။
ရာဇဖွား
တဒင်္ဂအတွေးစလေးများ----၁၂
ခင်...
အတိတ်ရှေးရယ်က
ဟိတ်ပေးလို့ဆုံပြန်တယ်
ခုခါဝယ်
ရေစက်ကယ်ကုန်ုပြန်တော့
မေသက်လယ်မောင့်အပါးမှ
ရှောင်ရှားသွေဖီ
ဝေးခဲ့ပြီကွယ်....။
ခင်
လွမ်းငွေ့ဝေဝေ
လွမ်းစိတ်စွေ၍
လွမ်းလေတမ်းတ
သတိရလိုက်တာခင်..ရယ်
ရာဇဖွား 
လှူခဲ့သည်ပဲ
ညိုမှိုင်းရယ်ဝေ
တို့တိုင်းပြည်(ပြေ)တောင်စစ်ကိုင်းမှာလ့
ရှုတိုင်းလေ ဘယ်ခါမရိုးအောင်ပ
ထူပါရုံ ဖြူဖြူဖွေးရယ်တို့
မြင်အာရုံ လွန်ကြည်နူးလို့ရယ်
ဖူးခဲ့သည်ပဲ...။
တောင်သေလာ ဦးထိပ်ဖျားဆီက
ဆွမ်းဦးရှင် ပုညဘုရားမှာဖြင့်
ဆွေသဟာ မိတ်အပေါင်းတို့နှင့်
ခညောင်းကာ မာလာပန်းကို
ရွှင်လန်းစွာ ကုသိုလ်ယူဖို့
လှူခဲ့သည်ပဲ...။
ရာဇဖွား
Posted via Blogaway
မြတ်ဗုဒ္ဓ၏ ဘုန်းတော်ခြောက်ပါး
မြတ်စွာဘုရားရှင်သည် သူတကာတို့ထက်သာလွန်သော ဘုန်းတော်(၆)ပါး နှင့် ပြည့်စုံတော်မူသည်မှာ
(၁)။ ဣဿရိယဘုန်းတော်- မြတ်စွာဘုရားရှင်၏ စိတ်တော်သည် ကိုယ်တော်မြတ်၏ အလိုအတိုင်းလောကီ ဈာန်၊ သမာပါတ်နှင့်တကွ တန်ခိုးပြဋိဟာ ပြတော်မူရာ၌ဖြစ်စေ၊ (နိဗ္ဗာန်)ကို လိုအပ်သလို ဝင်စားနေရာ၌ ဖြစ်စေ အစိုးရတော်မူခြင်း။
(၂)။ဓမ္မဘုန်းတော်
ထူးခြားမြင့်မြတ်သည့် တရားတော်ကိုဟောနိုင်ခြင်း၊ မဂ်လေးပါး ၊ ဖိုလ်လေးပါးနှင့် နိဗ္ဗာန်တရားများကို ဗြဟ္မာ နတ်လူတို့အား
တစ်ဦး၏ စရိုက်နှင့် လျော်ညီစွာ ဟောပြနိုင်ခြင်း။
(၃)။ယသဘုန်းတော်
နတ်ပြည်၊ ဗြဟ္မာ့ပြည်များသို့ သွားရောက်နိုင်သဖြင့် လူ့ပြည် ၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်များတိုင်အောင် ဂုဏ်သတင်း ပျံ့နှံ့အောင် ကျော်ကြားတော်မူခြင်း။
(၄)။သီရိဘုန်းတော်
လူ နတ် ဗြဟ္မာတို့ ဖူးမျှော်၍ပင် မဝနိုင်လောက်အောင် ကိုယ်ကာယတော်သည် (၃၂)ပါး သော လက္ခဏာတော်ကြီး
(၈၀)သော လက္ခဏာငယ်များဖြင့် ကိုယ်ရည်ကိုယ်သွေးအရောင်တော်၊ ရောင်ခြည်တော်တို့ရှိ၍ အလွန်သပ္ပါယ်စွာရှိနေတော်မူခြင်း။
(၅)။ ကာမဘုန်းတော်
အလိုရှိပါက မိမိအတွက်ဖြစ်စေ သူတစ်ပါးအတွက်ဖြစ်စေ လိုလားတောင့်တသမျှ လုံးဝဥဿုံ ပြီးပြည့်စုံတော်မူခြင်း။
(၆) ပယတ္တဘုန်းတော်
ဗြဟ္မာနှင့်နတ်တို့ထက် သာလွန်သောဘုန်းတော်ရှိပြီး
ဗြဟ္မာနတ်လူ တို့အား(နိဗ္ဗာန်)သို့ ကျွတ်တန်းဝင်နိုင်အောင်
ဟောပြနိုင်ခြင်း၊ တစ်ညလျှင် ခေတ္တသာ အိပ်စက်တော်မူပြီး
(၄၅)ဝါ ကာလပတ်လုံး လုံးလ ဝီရိယကြီးစွာ လူ၊ နတ်၊
ဗြဟ္မာသတ္တဝါတို့အား နိဗ္ဗာန်သို့ ရောက်အောင်
ဟောပြပို့ဆောင်တော်မူခြင်း။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။
ရာဇဖွား
တဒင်္ဂအတွေးစလေးများ----၁၁
ခင်,..
ခင်နဲ့ဝေး
မောင်ဆွေးနေသလို
မောင်နဲ့ဝေး
ခင်ရောဆွေးနေမလားကွယ်...။
ခင်...
ခင်နဲ့ဝေး
ဆွေးရတက်ပင်လယ်ဝေ
မောင်လေအထီးကျန်
အကျဉ်းစံနှလုံးသားပိုင်ရှင်ပါကွယ် ။
ခင်...
ကောင်းကင်ကလမင်း
ခင်နဲ့အလှချင်းပြိုင်
ဘယ်နိုင်မှာလဲကွယ် ။
 ခင်...
ခင့်အပြုံးက
နှလုံးကိုအေးစေတယ် ။
ခင့်အလှက
ကဗျာဆန်တယ်
ကညာလည်းဆန်တယ်။
ခင့်ရဲ့သွားလေးတွေက
ပုလဲလုံးတွေ
စီကုံးထားသလိုပဲကွယ်။
ရာဇဖွား
တဒင်္ဂအတွေးစလေးများ---၁၀
ခင်...
ခင်ရဲ့အဝေးသို့
ရှောင်ပြေးတဲ့မောင့်ကို
အပြစ်ဆိုလေမလားကွယ်...
တကယ်တော့
ခင့်ကောင်းစားရေးမို့
မောင်ရှောင်ပြေးရတာပါကွယ်...
ခင့်ဘဝနဲ့
မောင့်ဘဝဟာ
မိုးနဲ့မြေပမာ
အဆင့်တန်းချင်းဝေးကွာလှပါတယ်
ခင်ကပိတောက်
မောင်ကစိန်ပန်း
မျက်နှာငယ်ပန်းလေးပေါ့ကွယ်...။
ရာဇဖွား
14-7-2013
တဒင်္ဂအတွေးစလေးများ---၉
အမေရေ...
အမေ့သားအလှ
ရွာအပြန်မှာ
မျက်နှာပန်းမလှတော့့ဘူးအမေ.,.။
အမေဖြစ်စေချင်တဲ့
အမေ့ရဲ့ရည်မှန်းချက်
သားဖြည့်စွက်မပေးနိုင်ခဲ့ဘူးအမေ
စိတ်ချပါအမေ
သားလေ တစ်နေ့
အမေ့ရည်မှန်းချက်
ဖြည့်စွက်နိုင်မှာပါလို့ 
သားကတိပြုပါတယ်အမေ...။
အမေ့ကိုထာဝစဉ်ဦးခိုက်လျှက်
သားရာဇဖွား
စိုးရိမ်လှတယ် ( စိုးရိမ်လှသား )
မြန်တိုင်းရဲ့မယ်မဒီ
ယဉ်လှသည် ဟိုးယခင်က 
ရိုးမြေကျ ဘာသာတရားနှင့် 
ဝတ်စားဆင်ရင်ထုံးဖွဲ့ပြင်သော် 
ဇမ္ဗူပေါ် ဘယ်ပျိုတော်ယှဉ်လာစမ်းဟဲ့
တုနှိုင်းကာလိုက်မမှီ 
၇ှုတိုင်းသာ ရင်မှာအေးရတယ်....
ကွယ်........ရှေးခေတ်ကမယ်မဒီများ..........။
မြန်တိုင်းရဲ့ ပျိုကညာ
ခုခါတော့ အရင်လိုဟုတ်ပေဘု 
နဂိုမူ လူယဉ်ကျေး
အနောက်တိုင်းပေးတဲ့ပုံသဏ္ဍာန် 
တုပြန်ကာ ဝတ်စားဆင်တော့ 
မမြင်ဖွယ်ရာ အဖြာဖြာရယ်ကြောင့် 
တို့သူငါ စိတ်မှာနှောက်ရတယ်..
ကွယ်.....စိုးရိမ်လှသား...................။
ရာဇဖွား
တဒင်္ဂအတွေးစလေးများ---၈
ခင်.,.
လူတိုင်းမှာ
အချစ်ရှိခဲ့ကြပါတယ်ကွယ်
သို့နှယ်...
ချစ်တတ်တဲ့နှလုံးသား
ချစ်အပ်တဲ့နှလုံးသားတော့
ရှိဖို့တော့လိုပါလိမ့်မယ် ။
ရာဇဖွား
တဒင်္ဂအတွေးစလေးများ---၇
ခင်...
အခုဆို
တက္ကသီလာ
မြကျွန်းသာအတွင်းမှာ
ကံ့ကော်ရနံ့တွေသင်းနေပြီလေ.။
ကံ့ကော်ရနံ့ထုံသင်းတဲ့
တက္ကသိုလ်ပရိဝုဏ်တွင်းက
နွေတစ်နွေရဲ့ ညနေခင်းမှာ
ခင်နဲ့မောင်
မောင်နဲ့ခင်
ကိုယ်စီရင်ဖွင့်
ချစ်စကားလေးတွေလေမှာလွင့်ခဲ့
ကြတယ်လေ...။
ရာဇဖွား
20-7-2013
အမေသို့တမ်းတချင်း
အမေ......... 
သားသတိရလိုက်တာအမေရယ်
 ခလုတ်ထိမှအမိတတယ်လို့ပဲ အမေပြာမှာလား..... 
သတိရတာတော့အမှန်ပါ... 
အမေနဲ့ဝေးကွား တနယ်တကျေးမှာ
 ပညာသင်နေတဲ့အမေ့သား 
ဘာများမှားခဲ့လို့လဲ...?
 မှားပါတယ်အမေ...
အမေ့ကိုထား
ပြစ်သွားခဲ့လို့ သားလေးမှားခဲ့ပါတယ်.... 
ပညာတွေစုံ
ဘွဲ့ထူးဂုဏ်ဆွတ်ခူးလို့ 
ကြည်နူးနေတဲ့အမေ့မျက်နှာ
 လပြည့်ဝန်းပမာ 
ကြည့်ရတာရင်အေးလိုက်တာအမေရယ်....
လပြည့်ဝန်းလို အိချွန်းနေတဲ့အမေ့မျက်နှာ
 နောက်နှစ်တွေမှာလည်းသားလေးမြင်ချင်တယ်
မြင်ပါရစေလို့ တောင်းဆုချွေနေတယ်လေ.... 
အမေ့ကျေးဇူး
မြင့်မိုရ်ဦးကို ဆွတ်ခူးသည့်ဘွဲ့ထူးနှင့် 
သားလေးကျေးဇူးဆပ်ပါရစေအမေရယ်........။
ရာဇဖွား
24.1.2013
ပန်ဆုချွေ
အို....
မြတ်စွာဘုရား
ဘုရားတပည့်တော်
ဘယ်သူ့ပေါ်မှ မလှည့်စား
ပြစ်မှားမှု ကာယကံ
မရှိတန်ရာ ။
ပီယဝါစာ ဝစီကံဖြင့်
ညီတန်ရာညီ
စွဲသုံးသည် မပလီဘူး
မြဲထုံးညီ စရိယကိုဖြင့်
ပြုကျင့်သည်ဧကန်ပေ ။
ယခုသက်သေဆိုစကား
မှန်ငြားလေသော်
ဘုရားတပည့်တော်သည်
အများကောင်းကျိုး
သယ်ပိုးနိုင်စေ ပန်ဆုချွေ... ( ၏ )။
ရာဇဖွား
တဒင်္ဂအတွေးစလေးများ---၆
ခင်...
ကိုယ်တို့နှစ်ယောက်ရဲ့
သံယောဇဉ်ကိုမပြတ်နိုင်တောင်
ပြတ်အောင်ဖြတ်ပေးပါ...။
ကိုယ်တို့ရဲ့အကြင်နာတွေက
အခန်းရပ်သွားပြီလေ...။
နောင်ခါဘဝမှပြန်ဆုံမယ်
ဒီဘဝတော့ကိုယ်တို့
ဆုတောင်းရင်းဝေးကြမယ်လေ...။
ရာဇဖွာ
26-7-2013
တဒင်္ဂအတွေးစလေးများ---၅
ခင်....
မမွှေးပါ
သင်းရနံ့တွေမထုံပါ
ပါရမီလည်းမစုံလှပါ
ခေါင်းမှာပင်မဆင်မြန်းနဲ့
လမ်းမကပန်း
လမ်းပေါ်ပန်းသည်
လမ်းမ မှာပွင့်
လမ်းမှာသင့်သည်
ပတ္တမြားကဲ့သို့စွေးစွေးနီ
မောင်ဟာမျက်နှာငယ်ပန်းလေးဖြစ်နေပါပြီကွယ် ။
ရာဇဖွား
26-7-2013
တဒင်္ဂအတွေးစလေးများ----၎
ခင်...
မေတ္တာဆိုတာ
တိုင်းတာစရာ
အလျားအနံမရှိပေမယ့်
အသွားအပြန်တော့ရှိမယ်ထင်ပါရဲ့ ။
သံယောဇဉ်ဆိုတာလည်း
တွယ်တာခဲ့ရင်
ကွယ်ရာမှာ
မျက်ရည်ကျရတယ်ကွယ် ။
တကယ်တမ်းတော့
သံယောဇဉ်ဆိုတာ
ဖြတ်နိုင်သူအဖို့တော့
အေးချမ်းလွန်းပါတယ်ကွယ် ။
ရာဇဖွား
27-7-2013
သမီးသို့
သမီးသို့
********
သမီးဆိုတာ တချို့ကမီးတဲ့
တချို့ကထီးတဲ့
တချို့က.....
တချို့က.....
ဟယ်....များလိုက်တဲ့စကားတွေ ။
မီးပဲဖြစ်ဖြစ်
ထီးပဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်ပေါ့နော်
သမီးစစ်ဖို့လေ ။
မီးမှန်ရင်ပူသတဲ့
ထီးမိုးတော့အေးသတဲ့
သမီးကောင်းတော့အမိဂုဏ်မြတ်သတဲ့
လူကြီးသူမတွေရဲ့စကား ။
ဒီတော့ သမီးရေ....
မီး ထီးတွေနဲ့
ဘာတွေနဲ့ နှိုင်းနှိုင်းပေါ့
အပြင်းမစိုင်းပဲ အပြေးမမြန်စေနဲ့
လေးလည်း မလေးကန်စေနဲ့
မှန်မှန်ပဲသွား ။
ရာဇဖွား
28-7-2013
တဒင်္ဂအတွေးစလေးများ----၃
ခင်,...
ဘယ်သူနဲ့မှ
စကားမပြောပါ
မောင့်ကဗျာဖတ်၍ ခင်စေမည် ။
မောင့်ကဗျာကိုဖတ်
မောင့်ကိုစာနာတတ်ပါလိမ့်မည်။
ပန်းပန်သူရဲ့အလှကို
အမွန်းတင်ကြသလို
ပန်းစိုက်သူက
ဘယ်သူလဲမသိသလိုနေကြတာ
ဒါလောကသဘာဝပါ ။
ရာဇဖွား
30-7-2013
တဒင်္ဂအတွေးစလေးများ----၂
မိုး...
ဝါဆိုမိုး
မန္တလာမှာရွာတဲ့မိုး
အငြိုးနဲ့ရွာနေတာ။
သူ့ကိုမျှော်လင့်ခဲ့ဖူးတယ်။
သူ့ကြောင့်ပျော်ရွှင်ခဲ့ဖူးတယ်။
သူ့ကြောင့်သီချင်းလည်းဆိုခဲ့ဖူးတယ်။
သူ့ကြောင့်နှလုံးသား
ထောင့်တစ်နေရာက
ပုလဲလုံးတွေစီးဆင်းခဲ့ဖူးတယ်။
သူ့ကြောင့်....
သူ့ကြောင့်...
ရာဇဖွား
30-7-2013
တဒင်္ဂအတွေးစလေးများ----၁
ခင်..
အတိတ်ကိုတွေး
ဆွေးမနေနဲ့
ရေးရေးလေးမျှ
မမြင်ရတဲ့
အနာဂါတ်ကိုမျှော်
ပျော်မနေနဲ့
ပစ္စက္ခမှာ
မကောင်းရှောင်ဖယ်
ကောင်းဆောင်ပါကွယ်....။
ရာဇဖွား
Monday, August 12, 2013
ပိတောက်ဦးနဲ့မောင့်သခင်
ပိတောက်ဦးကို
မောင်ဆွတ်ခူးပြီး
နဖူးထက်သခင့်ကေသာမှာ
မောင်သာလျှင်ပန်ပေးချင်သည်
ပန်ဆင်ခွင့်ပြုပါတော့သခင်.....။
ပွင့်သိင်္ဂီ ရွှေပိတောက်က
လောကကို အလှဆင်သလို
မောင်ကလည်း.......
ရွှေရည်တွေလူး
ပွင့်ဖူးတဲ့ ပိတောက်ဦးနဲ့
သခင့်ရဲ့  မြညှာကေမှာ
မောင်သာလျှင် ပန်ဆင်ပေးမယ်
လှစေချင်လွန်းလို့ပါသခင်.......
ရာဇဖွား
12-8-2013
မာယာ ( ၃ )
ညဥ့်နက်နက်
မဲနက်တဲ့ပေလမ်းပေါ်မှာ
အဖော်မပါတစ်ကိုယ်တည်းရယ်ကငါ....
ဘ၀တစ်ဆစ်ချိုးရဲ့ 
အလှည့်အပြောင်း
ဆိုးမလားကောင်းမလားပဲ
မနက်ဖြန်ပေါင်းများစွာအတွက်
ခြေလှမ်းတွေသွက်နေခဲ့တယ်
အဲ့ဒီည
အနာဂါတ်ကိုမျှော်ကြည့်
အတွေးပီတိနှင့်ပျော်ခဲ့
သြော်.....
ငါလည်းလေ လောကီလူသားပေကိုး.....။
ရာဇဖွား
12-8-2013
သက်သေတည်စေ
                                                                     ၁
ရာသီကား မိုးရာသီ၏ နောက်ဆုံးရက်ဖြစ်သည်။မိုးကုန်လို့ဆောင်းကူး မြောက်ပြန်လေမြူးကာ တစ်မျိုးကြည်နူးစရာ ကောင်းနေသည်။ ဝသန္တ မိုးလရာသီ၏ နောက်ဆုံးနေ့ရက်မို့ ထင်ပါရဲ့ ကောင်းကင်မှာ မိုးတိမ်တွေညို့ကာ အညိုးနှင့် ရွာမည့်အသွင်ဆောင်နေသည်။ သို့သော်..ရွာတော့ဖြင့် မရွာ ။ဥတ္တရေလေပြ ညှင်းကလည်း ဟေမန္တဆောင်းရာသီ၏ အကြိုအနေဖြင့် လေပြေသွေးကာ လူကိုချမ်စိမ့်စိမ့်ဖြစ်စေသည်။ အချိန်ကား တန်ဆောင်မုန်းလပြည့်နေ့ည ၊ တစ်မျိုးခေါ်ရသော် ဆေးပေါင်းခတဲ့ည ။ ဤညကို ဆေးပေါင်းခတဲ့ညဟု ဟိုးယခင်ကတည်းကိုက အခုချိန်ထိတိုင်အောင် ခေါ်ဆိုခဲ့ကြသည်။နောင်ကို လည်း ယခုကဲ့သို့ပင် ခေါ်ဆိုပေဦးမည်။ မှန်ပါသည် ။ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညဆိုရင် ကျနော် ပျော်သည်။ အထူးသဖြင့် ကျနော်တို့ မိတ္ထိလာမြို့ကလေးမှာ ပိုလို့ပင် ပျော်ရွှင်စရာကောင်းသည်။ ကျနော်ကဲ့သို့ပင် မြို့သူမြို့သားများလည်း ပျော်ကြသည်။ ကန်ဦးရပ်ကွက် ဝမ်းတော်ပြည့်ဆရာတော်၏ ဓာတ်တော်ပူဇော်ပွဲ ဆီမီးတစ်ထောင် ပန်းတစ်ထောင်ပူဇ်ာပွဲမှာလည်း ပျော်စရာကောင်းလှသည်။ သာ၍ပျော်စရာ ကောင်းသည်ကား ကျနော်တို့မိတ္ထီလာမြို့၏ အထင်ကရဖြစ်သည့် ကန်တော်ကြီး၏ ရေလည်ဘုရားတွင် ဆီမီးပူဇော်ရခြင်း ၊ကန်ထဲမှာ ဆီမီးလွတ်ခြင်း ကြာပန်းလွတ်ခြင်းတို့ပင်ဖြစ်သည်။ ကန်ဘောင်ပေါ်မှာလည်း သွားသူကသွား ၊ လာသူကလာ ၊ တစ်ချို့ကလည်း ကြာမီးပန်းတွေကြည့်နေကြ သဖြင့် ကြိတ်ကြိတ်တိုးကာ စည်ကားနေတာ့၏ ။ တဖြေးဖြေးနှင့် အချိန်နှောင်းလာသဖြင့် လူသူနည်းပါးလာ၏ ။ကျနော်လည်း တံတားပေါ်မှနေပြီး ကန်ဘောင်ဘက်ကိုမျက်နှာမူကာ တစ်မျှော်တစ်ခေါ်ကြညှု့်နူးမဆုံးသော ကန်တော်ကြီးကိုကြည့်ပြီး လေကောင်းလေသန့်ရူနေ၏ ။လပြည့်ညဖြစ်သဖြင့် ကောင်းကင်မှ ငွေလစန္ဒာမှာလည်း ထိန်ထိန်သာနေ၏။ ကျနော်လည်း ကောင်းကင်းမှ လပြည့်ဝန်းကြီးကိုကြည့်လိုက် ၊ ကန်ရေပြင်ကိုကြည့်လိုက်နှင့်မှင်သက်မိနေသည် ။ နောက် စိတ်ကို လေနှင်ရာသို့ စေလိုက်သည်။” သြော်...ကောင်းကင်မှ လမင်းကြီးသည် နံနက်မိုးသောက် အလင်းမရောက်မှိ လူသားအားလုံးအား စိတ်၏ ကြည်လင်အေးမြခြင်းကို ပေးစွမ်းနိုင်သည် ။ မနုဿတ္တဘာဝေါ ဒုလ္လဘော ရခဲလှစွာသော လူ့ဘဝကို ကျနော်ရလာခဲ့သည်။ ကျနော်လည်း လူသားအား လုံးကို နုတ်ဆက်မသွားခင်မှာ လောကကြီးကို အကောင်းဆုံးနေပြသွားချင်သေးသည်။ကျနော်၏ အကောင်းဆုံး သော နေခြင်းကို လောကကြီးအား သက်သေအရာ၌ တည်စေမည် ။ ကျနော်၏ အသက် ရှည်ခြင်း၌ လူလို အသက်ရှင်ရမည် ”။ ထိုအခိုက် အမျိုးသမီးတစ်ယောက်၏ ဆူးဆူးဝါးဝါး အော်သံကို ကြားလိုက်ရတော့သည် ။
                                                           × × × ×
                                                             ၂
'"တော်သေးတာပေါ့...သမီးလေးရယ် သူဇာရယ်..၊ မသေကောင်း မပျောက်ကောင်း' ဟိုသူငယ်သာ..မကယ်ရင် အမလေး..လေး .အမေတော့ ရင်ကျိုးရချည့်ရဲ့"
ဟု မိခင်ဖြစ်သူ ဒေါ်ခင်မြတ်နွယ် ဆိုလေသည်။
"သို့နှယ် သူငယ်လေးနာမည်က ဘယ်လိုခေါ်သလဲ သမီးကြီး" မမေးလိုက်ရဘူး..မေမေ ညီမလေးသူဇာကို ရေထဲကဆယ်ပြီး ၊သူဘာမှ မဖြစ်ပါဘူး ၊ သတိလည်း မလစ်ပါဘူး" လို့ ပြောပြီးထွက်သွားတာပဲ မေမေဟု ခင်လေးသွယ် ပြောပြလိုက်သည်။ "ညည်းတို့အေ ကိုယ့်အသက်သခင် ကျေးဇူးရှင်ကို ဘယ်မှာနေတယ် အသာထား နာမည်လေးတောင် မေးဖော်မရဘူး" ဟု ပြစ်တင်ပြောဆိုလေသည်။ " ကဲ...သမီးတို့ ရေလည်ဘုရားကို သွားဖူးကြမယ်" "ဟုတ်...မေမေ" လို့ ခင်လေးသွယ် ပြောလိုက်သည်။ ရေလည်ဘုရားသို့ ရောက်သောအခါ ဒေါ်ခင်မြတ်နွယ်သည် ကန်သမိုင်းကို ပြောပြလေ၏။ "သူဇာနွယ်...အလန့်တကြားနဲ့ အော်လေသည်..မေမေ..ဟိုမှာ ...ဟိုမှာ..။ "
"ဘာလဲ...သမီး.။" "သမီးရေနစ်တုန်းက ကယ်သွားတဲ့လူ..။ '"
"ဘယ်မှာလဲ..သမီးငယ်..။" "ဟိုမယ်လေ...မေမေ...အထက.၁. ကျောင်းနောက်ကျောက ကန်ပတ်လမ်းမှာ မယ်ဒလင်တီးနေတာလေ"
ဟု သူဇာနွယ်က ပြောလိုက်၏ ။ "ကဲ...သမီးတို့ ...ကျေးဇူးရှင် သူငယ်လေးဆီကို ...သွားကြမယ်" ဟု ဒေါ်ခင်မြတ်နွယ် ပြောလိုက်သည်။
" စွဲမိပါပေါ့×××ခင်ရယ်××× ချစ်လို့ကို×××ဘယ်မဝနိုင်တော့တယ်×××မပြောပဲနဲ့ ××ကြားကြားမိတယ် မျက်စိထဲမယ်×××တဝဲလည်လည်×××မကြည့်ဘဲနဲ့ ကို×××အဆင်ပြေနေပြန်တော့တယ်××× အုန့်ပုန်းချစ်×××တစ်ရက်လောက်ချစ်ရတာတွေရယ် ×××လင်မယားချစ်×××တစ်သက်လိုက်လို့မမှီပါတယ် ရွာပုံသာတယ်×××စဉ်းစားလေလေ×××မချိလေပါပဲ ခင်ရယ်×××ရာဇာဝင်းတင့်ရဲ့ အုန်းပုန်းချစ်သီချင်းကို ဆွေးမြှေ့သံဖြင့်သီဆိုနေ၏ ။
"အဟမ်း...အဟမ်း" ဟု ဒေါ်ခင်လေးနွယ် ချောင်းဟန့် သံပေးလိုက်သဖြင့် ရပ်သွား၏ ။ "သူငယ်လေးက အဒေါ်သမီးကို ကယ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် ကွယ်.'"."ဟုတ်ကဲ့...ရပါတယ် အန်တီ...လူ့အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ် ။အယ့်နေရာမှာ အန်တီသမီး မဟုတ်ပဲ တစ်ခြားတစ်ယောက်ဆိုရင်လည်း ကျနော် ကယ်မှာပါ။"
ထိုအခိုက် သူဇာနွယ် မဲ့ပြုံး ပြုံးလိုက်သည်။
"ဒါနဲ့ သူငယ်လေး...နာမည်က ဘယ်လိုခေါ်သလဲကွယ့်...နောက် ဘယ်မှာနေတာလဲ... "
"ဟုတ်ကဲ့...ကျနော့်နာမည် ကိုကိုမောင်လို့ခေါ်ပါတယ် အန်တီ..။ကျနော် နဂါးရုံကျောင်းတိုက်ထဲက ဦးလေးဘုန်းကြီးကျောင်းမှာနေပါတယ်..။"
" သူငယ်လေး...ကျောင်းရော တက်သေးလား..။ "
"ဟုတ်...အန်တီ ကျနော် တတိယနှစ် မြန်မာစာအထူးပြုနဲ့တက်နေပါတယ်.."
"အော် ...ဒါဆို အန်တီိ သမီးငယ်သူဇာနဲ့တူတူပေါ့ ဒါနဲ့...ဒါ...အန်တိသမီးငယ်...သူဇာနွယ် တဲ့..၊ ဒါကတော့ သမီးကြီး...ခင်လေးသွယ်...လို့ ခေါ်ပါတယ်။ လူလေး...မှတ်ထားနော် ၊ လမ်းတွေ့လည်း နုတ်ဆက်ပါ...။"
" ဟုတ်ကဲ့ပါ..အန်တီ..ကျနော်မှတ်ထားပါ့မယ်"်ဟု ကိုကိုမောင် ပြောလိုက်၏ ။"
" အော်...ဒါနဲ့ ...အန်တီတို့အိမ်က ပထမလမ်းက..ရွှေအုန်းပင်စားသောက် ဆိုင်နားမှာကွယ့်...။လူလေး...အားတဲ့အခါ လာလည်ပေါ့ကွယ်.."
".။ဟုတ်ကဲ့..."ဟု ကိုကိုမောင် ခေါင်းညိမ့်ပြီး ပြောလိုက်၏ ။" ဒါဆို...အန်တီတို့ ပြန်အုန်းမယ်နော် ။"
"ဟုတ်ကဲ့ပါ..အန်တီ "။
"ဟဲ့...သမီးငယ်.နုတ်ဆက်လိုက်လေ..။"
" ဟို....ဟို....ကိုကိုမောင်...သူဇာတို့...ပြန်အုန်းမယ်နော် ။" "ဟုတ်ကဲ့ပါ..."ဟု နုတ်မှမပြောသော်လည်း မျက်နှာလေးကို သေချာကြည့်ပြီး ခေါင်းညိမ့်လိုက်၏ ။ ထို့နောက် ကိုကိုမောင်တစ်ယောက် ကြည့်ရှု၍ မဆုံးသော ကန်ရေပြင်ကိုငေးမောရင်း ကျန်ရစ်နေတာ့သည် ။
                                                                   × × × ×
                                                                 ၃
အတန်းဆင်းချိန်ဖြစ်သောကြောင့် တက္ကသိုလ်မိန်းထဲမှာ ကျောင်းသူကျောင်းသားတွေ သွားလာလှုပ်ရှားနေကြသည်။ ကိုကိုမောင်နှင့် မောင်ဇော်ဝင်းတို့  သူငယ်ချင်းနှစ်ယောက်လည်း လမ်းလျှောက်ရင်း စကားပြောပြီး နဂါးရုံကျောင်းဆီသို့ ပြန်လာသည်။ ထိုတွင် မောင်ဇော်ဝင်းက မေးလိုက်၏ ။ "
" ကိုကိုမောင် တက္ကသိုလ်ဆိုတဲ့ အဓိပ္ပါယ်ကို မင်းဘယ်လို ဘာသာပြန်မလဲ..?။ ကိုကိုမောင်လည်းမောင်ဇော်ဝင်း အမေးကို တခဏတွင်းဖြေလိုက်၏ ။"
" တက္ကသိုလ်ဆိုတာ တက္ကသီလဆိုတဲ့ ပါဠိပုဒ်ဖြစ်တယ် ပါဌ်ပျက်အနေနဲ့ တက္ကသိုလ်လို့ ခေါ်တာ ၊ တက္က သီလဆိုတဲ့ ပါဠိဟာလည်း တက္ကတစ်ပုဒ် သီလတစ်ပုဒ်ပဲ ။ တက္ကပုဒ်ကအ တွေးအကြံလို့ အဓိပ္ပ်ါယ်ရတယ် ၊ သီလကတော့ အကျင့် ၊ အလေ့အကျင့်လို့  အဓိပ္ပ်ါယ်ရတယ်။အ ဖြောင့်ဘာသာပြန်ရရင် အတွေးအကြံတွေကို လေ့ကျင့်ပေးတဲ့နေရာဋ္ဌာနလို့ အဓိပ္ပါယ်ပြန်တယ် ၊ ဒါကိုပဲ ပါဠိပုဒ်ပျက် အခေါ်အဝေါ်အားဖြင့် တက္ကသိုလ်လို့ခေါ်ကြတယ် ။ တကယ်တော့ တက္ကသိုလ်အထက်မှာ ဘာမှမရှိရဘူး ၊ အစိုးရလည်း မရှိရဘူး ။ ပညာရှင်သာ ရှိရတယ် ။ ထိုအခိုက် "တွီ...တွီ.."ဟူသော ကားဟွန်းသံ နှင့်အတူ အနားလာရပ်သည်။ " ကားမှန်ကိုချရင်း သူဇာသည် ရှင်...ရှင်.ဟု ဆက်မပြောပဲ ထစ်နေသည်။"
" ဟုတ်ပါတယ်...ကျနော် ကိုကိုမောင်ပါ"ဟု သူ့ကိုယ်သူ ပြန်မိတ်ဆက်ပေးလိုက်သည်။ " ရှင် ညနေခင်း ငါးနာရီးအားသလား ...ဟုတ်...ကျနော် အားပါတယ် ..ဟုပြောရင်း သူဇာနွယ်မျက်နှာကို သေချာလေး စိုက်ကြည့်လိုက်သည်။ "
ဒါဆို...ကန်ပတ်လမ်းကို လာခဲ့ပါ့လား ကျမတို့ လမ်းလျှောက်ရင်း စကားပြောကြတာပေါ့."
..ဟု သူဇာနွယ် ပြောလိုက်၏ ။ ဟုတ်ပြီလေ...ကျနော် လာခဲ့ပါ့မယ် ဟု ကိုကိုမောင် ပြန်ဖြေလိုက်သည်။ " ဒါနဲ့ ရှင်..မယ်ဒလင် တီးတတ်တယ် မဟုတ်လား ၊ အင်းလေ...ကျနော် တီးတတ်ပါတယ် ဒါဆို...မယ်ဒလင်လည်း ယူခဲ့ပါလား ။ ရှင်ဆိုတာကို ကျမ နားထောင်ချင်လို့ပါ ။ "ကောင်းပြီလေ...ကျနော် ယူခဲ့မယ် ။"
" ညနေခင်း ...ငါးနာရီနော် မေ့မေနနဲ့ဦး ."..လို့ ပြောပြီး ကားမောင်းထွက်သွားတော့သည်။ " ယဉ်မူရင်ယာ သူဇာနတ်လော၊ မြသူမောလို့ ၊ နွယ်ကျော့နုပျို ၊ခရာပိုငယ် ၊ တာလိုများသဘင် ၊ ရှု့တိုင်းသာယဉ်လော့ ၊ ငါးအင်ကျော့ စုံညီငယ် ၊ ဒုမ္မနီတော့တပါးဟာမို့ ရှားလှတယ်လေး"ဟု ကိုကိုမောင် နုတ်မှညည်းကာ ကျန်ခဲ့လေတာ့၏ ။
× × × × ကိုကိုမောင်နှင့်သူဇာတို့ လမ်းလျှောက်စကားပြောပြီးနောက် ယူကလစ်ပင်မှ ကန်ထဲသို့ သွယ်ကျနေသာ ရေသောက်မြစ်ပေါ်မှာ ထိုင်ပြီး စကားပြောနေကြပြန်သည်။ သူဇာသည် ထိုင်နေရာမှ ထသွား၏ ၊ ကန်စ ရေကြည်ထဲမှ ကျောက်စရစ်ခဲကလေးပေါ်မှာရပ်ရင်း ခြေထောက်ကို ကြည့်နေမိသည်။
"ကိုကိုမောင်...အမလေး...ရှင့်နာမည် ခေါ်ရတာလည်း မလွယ်ပါ့လားနော် ။ "
"ရပါတယ် သူဇာ အဆင်ပြေသလို ခေါ်ပါ ၊ ကိုကို လို့ပဲခေါ်ခေါ် ၊ ဟို...မောင်လို့ပဲခေါ်ခေါ်ပေါ့ ။ အဆင်ပြေတာကို ခေါ်နိုင်ပါတယ် ။ "
" အရေးထဲ..ရှင်က...အသားယူနေပြန်သည်."..ဟုပြော ကာ ကိုကိုမောင်မျက်နှာကို သေချာစိုက်ကြည့်လိုက် သည်။ "ကျမ...ဟို...ကိုကို့ ကို ကျေးဇူးတင်ပါတယ်လို့ ထပ်ပြီးပြောပါရစေရှင် "
"။ သြော်...ကိုကိုပြောခဲ့ပါပြီကော ကိုကို ကယ်လိုက်လို့ သူဇာ အသက်ရှင်သန်ခွင့်ရလာတယ် ။ဒါပေမယ့်  ...လူလို အသက်ရှင်ရပ်တည်ဖို့ဆိုတာ လိုလိမ့်မယ်။ ဆရာကြီး ဦးအောင်သင်းက ပြောတယ် " လူလိုအသက်ရှည်ဖို့ဆိုတာ တာဝန် သိရမယ် တာဝန် ယူဝံ့ရမယ် ၊ တာဝန်ဆောင်ရမယ် ၊ ဒီလိုပြောတယ် ။ တာဝန်သိရမယ်ဆိုတာက ကိုယ်ကျင့်ရမည့် တရား ၊ကိုယ်ကျင့်တရားကို ဆိုလိုတာပဲ ။ ဥပမာကွာ...မိဘက မိဘကျင့်ရမည့် တရားရှိသလို သားသမီးလည်း သားသမီးကျင့်ရမည့်တရားရှိတာပဲ စသည်ဖြင့်ပေါ့ ဒါကိုပဲ ကိုယ်ကျင့်ရမည့်တရား ကိုယ်ကျင့်တရားလို့  ဆိုတာပဲ သူဇာ" ။"လေးနက်စွာပြောနေသာ ကိုကိုမောင်ကိုသူဇာ သေချာစိုက်ကြည့် မိပြန်သည်။ နောက် တာဝန်ယူဝံ့ရမယ် ...ဒါတော့ ရှင်းပါတယ် ၊ သတ္တိကိုပြောတာပဲ ။ သတ္တိရှိမှသာလျှင် တာဝန်ကို ယူရဲတာ။ တာဝန်ဆောင်ရမယ်ဆိုတာ ပညာကိုပြောတာပဲ ။ ပညာတတ်မှ ပညာရှိမှ တာဝန်ကို ဘယ်လို ကျေပွန်စွာ ဆောင်ရမည်ဆိုတာ နားလည်နိုင်တာပဲသူဇာ ။" အခုပြောခဲ့တဲ့ သုံးချက်ဟာ လောကီ ဘက်ကနေကြည့်ပြီးပြောတာနော် ။ တစ်ခါ လောကုတ္တရာဘက်ကနေ ပြန်ကြည့်ရင် သီလ၊ သမာဓိ ၊ ပညာကို ဒီသုံးချက်ပါပဲ ။ သူဇာတစ်ယောက် အံ့သြဟန်ဖြင့် ကြည့်မိပြန်သည်။
" ကိုကိုက လောကုတ္တရာတွေ လည်း သိတာပဲနော် ။"
" ကိုကို ငယ်ငယ်က အဘိဓမ္မာကို တစ်ခေါက်ပေါက်အောင် သင်လိုက်ရတယ် ။ သူဇာသည် စကားကို အဆက်စပ်မရှိပဲ ပြောလိုက်သည်။
"ကိုကို သူဇာတို့ မိတ္ထီလာကန်ကြီးက အံ့သြစရာ ကောင်းတယ်နော် ။ "
"ဟုတ်တယ်...သူဇာ ၊ ကြိုးကြာရေသောက် ရေမနောက် မပေါက်ရွှေကြာ မိတ္ထီလာ..၊ မကျည်းတစ်ဆစ် ပေတရစ် ၊ နဂါးရေသောက် လူတစ်ယောက် နဂါးရေမြုပ် လူတစ်အုပ် ."..ဟု ကိုကိုမောင် မနားတမ်းပြောလိုက်သည်။ပိုပြီး.အံ့သြစရာကောင်းတာက မြောက်ဘက်ကန်နှင့် တောင်ဘက်ကန် ရေချင်းဆက်စပ်နေပါလျက် မြောက်ဘက်ကန်သည် ရေနှောက် ၊ တောင်ဘက်ကန်သည် ရေကြည်ပဲ..".ဟု ကိုကိုမောင်ပြောနေပြန်သည်။ ထို့နောက် မယ်ဒလင်ကောက်ကိုကင်ာ သီချင်းဆိုတော့သည်။ "ချစ်သူ×××ခင်ခင်ပျိုရယ်×××မေတ္တာတော်ကဲ×××စွဲမိ ပေါ့ကွယ်×××ခင့်ရူပါ×××အလှကလေးရယ်ကြောင့် ခဏေလးတောင်×××မှေးစက်မပျော်နိုင်းအားတယ်× ××ရုပ်ချောသူရယ်××× လှရှာပါပေ့ကွယ်×××ခင်ခင်ရယ်×××ကြင်ကြင်ရယ်× ××ကောင်းခြင်းငါးဖြာကြွယ်×××။ အသားတော်××× ဖြူပါလှတယ်×××စကားနော်×××ကြူကာမှကွယ်×× ×အသနားခံတယ်×××ချစ်ခင်ပါလားလို့ ဆိုချင်တယ် အပျိုခင်ရယ်×××ရေလည်အောင်×××မောင်ကြံရွယ် သဘောကရယ်×××မနောကကြွယ် ယုံကြည်စွာပဲ မျှော်လင့်မိပါတယ်×××စေတနာထားပါတော့ကွယ်× ××အလှဖြူပြာ×××သူဇာခင်ခင်ရယ်××× မြတ်နိုးသူရယ်×××ချစ်မိုးစွေခဲ့တယ်×××ဘုံကြိုးပြတ် တဲ့ ဒေဝီနတ်မျိုးနွယ်×××သြော်×××မျက်မာန်တော် ငြိုးပါနဲ့××× မျှော်ကိုသူ ×××စောင့်စားလို့သာ ×××မောင့်မှာနေမိတယ်×××ခင်ပျိုနှမရယ်×××ပင်ကိုယ်လှတယ် ရွှေအားတော်ငယ်×××သနားစိတ်နဲ့×××
ချစ်စမ်းပါကွ ယ်×××။ သူဇာတစ်ယောက် ကိုကိုမောင့် သီချင်းဆိုသံထဲမှာ နစ်မျှောနေတော့သည်။
×××××××××××××××
ကန်ရေပြင်ကိုပွတ်တိုက်လာတဲ့ လေနုအေးက သူတို့နူစ်ဦးကိုခွဲနိုင်မည်မထင်။ ကိုကိုမောင်သည် သက်ပြင်းမောကို ရှည်လျားစွာချရင်း သူ့ရင်ခွင်ထဲက သူဇာကိုငုံကြည့်ရင်း သနားဂရုဏာသက်စွာ သူဇာရယ် ဟုဖွဖွညည်းမိလေ၏။ သူတို့ ချစ်သူသက်တမ်း သုံးလစွန်းစွန်းကိုရောက်ခဲ့ပီ။ တခါတရံ သူတို့အတန်းချိန်ပီးတိုင်း ဒီကန်ဘောင်လေးမှာ လာထိုင်နေကျ။ ချစ်သူသက်တမ်းကြာလာတာနှင့်အမျှ သူသည် သူဇာကို အသဲပေါက်မတတ်ချစ်မိလေပြီ။ သို့ပေမဲ့ ကံကြမ္မာကသူကို မျက်နှာမပေး.. သူတို့အကြောင်းကို သိသွားတဲ့ သူဇာအမေကြီးက ခါးခါးသည်းသည်းကိုငြင်းလေသည်။ သူသည်လည်း မပြည့်စုံတဲ့ ဘဝထဲကို သူဇာ့ကိုမခေါ်ရက်ပါ။
သူရင်ခွင်ထဲက သူဇာ့ခန္ဓာကိုယ်လေးသည် ရှ်ိုက်သံမထွက်သော်ငြား တသိမ့်သိမ့်တုန်လျက်ရှိသည်။
"မငိုပါနဲ့ သူဇာရယ်..ကိုယ်တို့ဘဝတွေက ဒီလိုဖန်လာမှကိုး.."
ဟင့်အင်း...သူဇာတော့ကိုကိုနဲ့ မခွဲနိုင်ဘူး ကိုကိုရယ်...အဲဒီလိုသာဆိုရင်..သူဇာတော့ရူးမှာပဲ"
သူသည် သူဇာကိုဘယ်လိုနူစ်သိမ့်ရမှန်းမသိ။ သူနဲ့သူဇာ ဒီဘဝမှာဆုံစည်းဖို့ဘယ်လိုမှမဖြစ်နိုင်သည်လား...။
"မင်းနဲ့ကွယ်.. အမဲရိုးနယ် ဟင်းအိုးမှအားမနား..အသက်ကယ်ဖူးတာကို အကြောင်းပြပီး ..အခွင့်ကောင်းယူတာလားဟင်..
"
သူရှေ့က သူဇာအမေကြီး မျက်နှာမှာဒေါသဖြင့်ရဲရဲနီဆွေးလျက်...
ဒီမနက် သူဘုန်းကြီးကျောင်းဝန်းအတွင်းဝေယာဝစ္စအ ချို့လုပ်ကိုင်နေတုန်း သူဇာအမေရောက်လာပြီး ထိုစကားတွေကိုပြောဆိုနေခြင်းဖြစ်သည်။
မင်းပိုက်ဆံဘယ်လောက်လိုချင်သလဲပြော.. ငါထုပ်ပေးလိုက်မယ်..
အေး..ဒါပေမဲ့ ငါ့သမီးအနားမှာတော့ မင်းကိုမမြင်ချင်ဘူး.."
"ကျနော့်..ပိုက်ဆံမမက်ပါဘူးအန်တီ.. ကျနော့်မာန ကျနော့်ပညာနဲ့ သူဇာကို ဝမ်းဝအောင်ကြွေးနိုင်ပါတယ်"
"ဟားဟား.. ရယ်ရသကွယ်..လောကကြီးမှာ ဝမ်းရေးအပြင် လူတောထဲဝင်ဆန့်ဖို့အရေးဆိုတာတွေအများကြီး.. အေးလေ..ဒါတွေပြောနေလည်းအပိုတွေဖြစ်တော့မှာပေါ့..
မင်းက ဒီလိုအဆင့်ပဲသိတာကိုး"
"ငါရှည်ရှည်မပြောချင်းဘူး..မင်းရှေ့ဆက်မတိုးပါနဲ့ ကိုကိုမောင်ဒါပဲံပြောချင်တယ်"
ပြောချင်ရာပြောပီးထွက်သွားတဲ့ သူဇာ့အမေရဲ့ နောက်ကျောကိုငေးကြည့်ရင်း..သြော်... လူဝင်ဆံ့ခြင်းဆိုတာ ဒါမျိုးကိုခေါ်တာလားဟု ဝမ်းနည်းစွာတွေးတော့၏။
သူလက်ထဲမှာ သူဇာဆီက သူဇာ့ကို ဒီညလာခိုးပါဟု ရေးသားထားတဲ့စာကလေး..။
"အော်..သူဇာလေးရယ်..ကိုကို့ကိုသိပ်ချစ်တာပါပဲလားလို့ အတွေးနဲ့ကျေနပ်မိသော်လည်း တဖက်က မပြည့်စုံတဲ့ဘဝထဲဝင်လာမည့် ချစ်သူအတွက်စိတ်မကောင်းဖြစ်ရသေးသည်။ ဒီည သူဇာကိုသွားခိုးဖို့ စီစဉ်စရာရှိတာစီစဉ်ရအုံးမည်။ ခက်သွက်သွက်လှမ်းလာတဲ့ သူခြေလှမ်းတွေကို တစုံတယောက်ကတားစီးလိုက်သည်။ လှည့်ကြည့်လိုက်တော့ ဘဘုန်းကြီး..
"ဒကာလေး.."
"တင့်ပါ့ဘုးရား.."
"ဒကာလေး..ကျောင်းသွားနေတုန်း ရွာကလူကြုံလာတယ်ကွဲ့ ..ဒကာလေးရဲ့ အမေ အတော်မကျန်းမာနေလို့ ဒီနေ့ပဲရွာကို ဆင်းခဲ့စေချင်တယ်တဲ့"
ကြားလိုက်ရတဲ့စကားကြောင့်စိုးရိမ်စိတ်ကငယ်ထိပ်တတ်စောင့်တယ်။ ဘုရား..ဘုရား..အမေဘာမှမဖြစ်ပါစေနဲ့..
သူဘဝတွင် တွယ်တာစရာဆိုလို့ဒီအမေတယောက်ရှိတော့သည်။ သူဘာလုပ်ရမည်နည်း.. တဖက်ကအမေ ..တဖက်ကချစ်သူ..
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာပြီထင်။ ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာတပုဒ်ကို နူတ်မှထွက်၍ ရေရွတ်မိတော့၏..
ရေပြာပြာ..လတာပြင်ခြေရင်း
လှိုင်းတတ်ရာဗေဒ့ါတတ် လှိုင်းသက်ရာဆင်း..ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေရေပေါလော မြောဆုံလို့လာ
အဆင်းနဲ့ အလာ
ဗေဒါနှမထွေး အုန်းလက်ကြွေသူနံဘေး
ဆောင့်မိရသေး...
ဟုတ်တယ်... ရေဆုန်ကဆင်းလာတဲ့အုန်းလက်ကြွေနဲ့ အဆန်အတိုင်းတတ်မဲ့ မဗေဒါလိုအဖြစ်မျိုးပါတကား..။
အစားထိုးမရတဲ့ မာတာမိခင်နေရာမှာတော့ သူဇာကိုအစားမထိုးနိုင်ပါ။ သံသရာတကွေ့ကွေ့မှာ ကံမကုန်ရင်တော့ ပြန်ဆုံကြသေးတာပေါ့သူဇာရယ်။
ဒါပေမဲ့ သူဇာအပေါ်ထားတဲ့ ကိုယ့်အချစ်တွေက ဟောဒီ မိတ္ထီလာကန်ကြီးရှိနေသ၍ တည်ရစေပါမယ်။ င်္ိဟောဒီမိတ္ထီလာကန်ကြီးကို သက်သေတည်ခဲ့ပါတယ်။ကိုယ့်ကို ခွင့်လွှတ်ပါတော့ချစ်သူရယ်..ခွင့်လွှတ်ပါတော့ကွယ်......
                                                               ပြီးပါပြီ
                                                                ရာဇဖွား
မောင့်အသည်းပန်း
မာယာ ( ၂ )
အချစ်ဆိုတဲ့စကားက
ရွတ်ဖတ်ရလွယ်သလောက်
အဓိပ္ပါယ်နက်လွန်းတယ်
ဖွင့်ဆိုချက်တွေကများလိုက်တာ
စွန့်လွတ်ခြင်း
ပေးဆပ်ခြင်း
ရယူခြင်း
ဘယ်မှာလဲ(အီကွဲလ်တူ)ညီမျှခြင်း
သာမညနဲ့အဓိက
အဓိကနဲ့သာမည
ဘယ်ဟာဖြစ်မှာလဲ
သံသယနဲ့မချစ်ချင်သလို
သံသယနဲ့လည်းမချစ်စေချင်ဘူး
လူတိုင်းမှာအချစ်ရှိခဲ့ဖူးသလို
လူတိုင်းမှာလည်းအချစ်ရှိမှာပါ
ရှိလည်းရှိလာပါလိမ့်မယ်
မျက်နှာဖုံးကိုခဝါချ
လှစ်ကာပြလိုက်ချင်တယ်
ပေါ်လာမယ့်ရလဒ်က
ရင်ကွဲနာကျပြီးသေရုံပဲလေ....။
်ရာဇဖွား
11-8-2013
Friday, August 9, 2013
ဘယ်သူကပို သာပါလိမ့်
အသွင်တင့်ဆန်း ငုဝါပန်းသည်
ဆွတ်မြန်းသူနှင့် ရှု့ သူတို့ အား
စိတ်အားရွှင်လန်း ပီတိဖြန်းလို့ 
အပန်းပြေ၏.....။
ကောင်းခြင်းငါးသွယ်
ပြည့်စုံကြွယ်၍ ပြိုင်ဖွယ်လွတ်ကင်း
ရူပဆင်းနှင့် လွန်မင်းပြည့်ဝ
ဣတ္ထိယကား ယောက်ျားတကာ
များသူငါကို ရင်မှာယိုဖိတ်
ကာမစိတ်ကို ဖြစ်စေ၏,....။
ငုဝါလည်းလှ သူလည်းလှ၍
သူနှင့်ငုဝါ ငုဝါနှင့်သူ
ဘယ်သူကပို သာပါလိမ့်.....။
ရာဇဖွား
30.5.2013
မိဘမေတ္တာ
ကိုယ်ပိုင်အစွမ်းစရယ်နဲ့ ငွေမရှာ
အမေ့ခမျာ ငွေမရှိတာကို
တကယ်ပင် သူမသိလေရော့သလား
သိလျှက်သားနဲ့ပင်
လိုချင်စိတ် ရှေ့ တန်းတင်လို့
မိခင်ကိုတဲ့ အပူပေး ။
သားလေးအတွက်ရယ်နဲ့
ဘယ်လိုပင် အခက်တွေ့ပါစေဟဲ့
နားတန်ဆာ ရွှေနားကပ်ကို
ပေါင်အပ်လို့ပေးရှာတယ်
မိခင်ဝယ် နားပေါက်ခေါင်း
ဟောင်းလောင်းနဲ့ ဟင်းလင်း
ဒင်း မသိရှာ ။
ဗြဟ္မစိုရ်တရားကိုလှ
ကျင့်သုံးကြ မိဘနှစ်ပါး
ဘယ်လိုပင် သားသမီးဆိုးသော်လည်း
စိတ်ထဲဝယ် ပြစ်မမြင်ကြတယ်
ဟယ်......
တကယ်ကိုကျေးဇူးကြီးတာပ
မိဘမေတ္တာ ။
ရာဇဖွား
29-7-2013
မိုးနတ်သူဇာ
ဘုံကြိုးပြတ်ကျလာတဲ့
ဒေဝီနတ်သမီး မဟုတ်ပေမယ့်
ငါ့အတွက်တော့ မိုးနတ်သူဇာ,..
သူနဲ့အလှချင်းပြိုင်
ဘယ်သူနိုင်မှာလဲ
ပြိုင်စံရှား မိုးနတ်သူဇာ...
သူရဲ့အပြုံး
မြင်သူကိုအေးမြစေတယ်
သူရဲ့နှလုံး
ဝါဂွမ်းဖြူလို
ဖြူစင်သန့်ရှင်းတယ်
ဖြူစင်နူးညံ့တယ်
အဲ့ဒါ မိုးနတ်သူဇာ...။
်ရာဇဖွား
9-8-2013
နွေညပြာရဲ့ ပိတောက်ဝါ
အိပ်ပျော်နေတဲ့
ပိတောက်ရဲ့ အလှကို
လှုပ်နိုးလိုက်သူက
နွေညတစ်ညရဲ့ ငွေလ....။
ငွေလသာသာရဲ့
ပိတောက်ဟာ
ထိန်ထိန်သာနေတယ်...။
နွေညတစ်ညမှာ
ထိန်ထိန်သာနေတဲ့ငွေလနှင့်
ပင်ယံမှာပွင့်ဖူး
အလှတရားနှင့်မာန်ဝင့်မြူးရှာတဲ့
ပိတောက်ဝါတွေရဲ့ အကြားမှာ
ရင်ခုန်လာတတ်သည်က ကျနော်...။
သို့ပေမယ့်
ပိတောက်မှာလည်းအဆင်းနှင့်
ငွေလမှာလည်းအလင်းနှင့်
ကျနော့်မှာတော့...,.။
အခုတော့...
ပိတောက်လည်း ပွင့်ဆဲ
ငွေလလည်း သာဆဲ
ကျနော်လည်း ရင်ခုန်နေဆဲ...။
ရာဇဖွား
9-8-2013
Thursday, August 8, 2013
ငါမွန်အမြတ်မလုပ်ပါ
ငါ့စာဖတ်သူ၊ များဗိုလ်လူတို့
ကြည်ဖြူမနော၊ စိတ်ရွှင်စော၏
ငါ၏စာပေ၊ ငါ့စာပေသည်
ထွေထွေသုတ၊ မရငြားလည်း
မှတ်သားထိုက်ရာ၊ သင့်တွက်ပါမူ
ရေးသူအကျွန်၊ င့ါဝတ်ပွန်သည်
ငါမွန်အမြတ် မလုပ်ပါတကား။
ရာဇဖွား
18-7-2013
မာယာ ( ၁ )
အမိန့်ပေးတာကို
မနာခံတဲ့ထဲမှာ
သူလည်းပါတယ် ။
အမိန့် ဘယ်သူပေးမှာလဲ?
ရက်စက်ကြမ်းကြုတ်ပါတယ်ဆိုတဲ့
ဟစ်တလာပေးမှာလား
လွတ်လပ်ရေးကို
ဆွတ်မြန်းပေး
ပြည်သူတွေ အလေးထား
ချစ်အားပိုပါတယ်ဆိုတဲ့
ဗိုလ်တေဇ ပေးမှာလား
စတဲ့......
စတဲ့......သူတွေ
ဘယ်သူတွေ ပေးအုန်းမှာလဲ?
မနာခံ
ဘယ်လိုမှ မနာခံ
သူသာချင်တဲ့အခါ သာမည်
သူလာချင်တဲ့အခါ လာမည်။
ရာဇဖွား
4-8-2013
Wednesday, August 7, 2013
ကိုယ့်ဘ၀ စိတ္တဇပုံပြင်
သဇင်ဟာ
ရာသီသင့်တော့
သူ့ဘာသာသူ ပွင့်တယ်။
ချစ်ဆိုတာဟာလည်း
ရင်ထဲမှာ
သူ့သဘာဝနှင့်သူ
အညွန့်လူ ဖူးငုံသစ်တယ်။
သဇင်နှင့်အချစ်
အချစ်နှင့်သဇင်
အစကတော့မဆိုင်
ဘယ်လိုမှမဆိုင်။
သူ့ကိုချစ်မိချိန်မှာ
သဇင်တွေဟာ သင်းပျ.ံ့နေတယ်
သဇင်တွေ သင်းပျံ့နေချိန်မှာ
သူ့ကိုချစ်မိလာတယ်။
အခုတော့  သဇင်တွေက
နိမိတ္တအာရုံ
စိတ္တဇပုံပြင်
လာလာပြောပြနေတယ်။
ရာဇဖွား
5-8-2013
လှိုင်း......
                   လှိုင်း....တဲ့ နာမည်လေးက ချစ်စရာ။ ချစ်စရာဆိုပေမင့် လှိုင်း..ဆိုသည့် သဘောတရားသည်  တစ်နည်းအားဖြင့်  ဆိုရသော်  လှိုင်း..ဟူသည်မှာ လေဟုဆိုအပ်သော အရာနှင့် ကင်းပြီးမဖြစ်နိုင်ပါ။ လေ၏ သွားလာလုပ်ရှားမှုနှင့် သက်ဆိုင်နေ၏။ လေပြေအေးအေးလေး တိုက်ခတ်လျှင် လှိုင်းသည် နုနုလေးရိုက်ခတ်မည်။ လေထု၏ တိုက်ခတ်မှုကြမ်းလျှင်ကား လှိုင်းသည် ငြိမ်ခံနေမည် မဟုတ်ပါ။ လေ၏တိုက်ခတ်မှု ပမာဏလောက် လှိုင်းသည် ပြန်လည်တုန့် ပြန်သည့် အနေဖြင့်  လှိုင်းထန်နေပေဦးတော့မည်။..လှိုင်း..ဟု အမည်နာမပညတ် ခံထားရသည့် မိန်းကလေးသည်လည်း လူထဲက လူတစ်ယောက်ပင်။ လူရယ်လို့ ဖြစ်လာလျှင်  ဇာတိဟုဆိုအပ်သော ပဋိသန္ဓေ နေခြင်းဖြင့် ကင်းပြီး မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပါ။  ဇာတိဟုဆိုအပ်သော ပဋိသန္ဓေ နေခြင်းကြောင့် လူရယ်လို့ 
တဆက်တည်းမှာပဲ ဇရာဟုဆိုအပ်သော အိုခြင်းတရားသည်လည်း နောက်မှ ထပ်ကြပ်မကွာ အရိပ်ပမာလို  တကောက်ကောက်လိုက်နေပေဦးမည်။ နုပျိုလှပခြင်းဟာ အိုမင်းရင့်ရော်ခြင်းမှာ ဆုံးသလို  ဇာတိပဋိသန္ဓေ္ဓ္ဓနေခြင်းသည်လည်း မရဏဟုဆိုအပ်သော သေခြင်းမှာ ဆုံးပေလိမ့်မည်။ ဇာတိမှ  မရဏသို့  မရောက်မှီ ကြားကာလတွင် စိတ်၏စေခိုင်းတိုက်တွန်းမှုကြောင့် ..လှိုင်း..ဆိုသည့် မိန်ကလေးလည်း လောကဓံတရား ရှစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ ရတော့မည်။
                                                                                                    ရာဇဖွား
ကျွန်ုပ်၏ သေပျော်ဖွယ်ရာနေ့တစ်နေ့
          နှစ်သစ်၏ ကနဦးအဖွင့်ရက် နေ့သစ်ဖြစ်သော နံနက်ခင်းမှာ ဥတ္တရလေပြေညှင်းက လေချိုသွေး
ကာ ဆောင်းရာသီ၏ ဇာတိကိုပြနေသည်။ ရော်ရွက်ဝါလေးတွေကလည်း မြေမှာခ ဥတ္တရလေပြေညှင်းနှင့်
အတူ ပလူးပလဲမြူးတူးစွာ ကစားနေသည်။ အချိန်တွေလည်း တဖြေးဖြေးနှင့် ကုန်ခြင်းမလှ ကုန်ခဲ့လေပြီ။
အရှေ့ယွန်းယွန်းမှ နေဝန်းကြီးကလည်း အနောက်တောင်စွယ်မှာ ကွယ်ခဲ့သည့်အကြိမ်ပေါင်းလည်း များလှ
ပြီ။ နေကွယ်တာအကြိမ်များလျှင်ဖြင့် သေနယ်ရွာကို တစ်ကြိမ်သွားရပေဦးမည်။ နောက်နောင်ဘဝတွေမှာ
လည်း ထို့အတူပင်။ ဘဝမှာ နေပျောင်ရုံဖြင့် မပြီးသေးပါ ။ သေပျော်ဖို့လည်း လိုပါသေးသည်။ ကျွန်ုပ်အဖို့
နှစ်သစ်၏ ကနဦးအဖွင့်ရက်မှာ နေပျော်ရုံမက သေမည်ဆိုလျှင်လည်း သေပျော်ခဲ့ပါပြီ။
         `မြမြမြှေး၍၊ ဆီးသေးနှင်းဖြူ ၊ မြူလည်းကြွေလင့် ၊ မပွင့်နေခြည် ၊ မကြည်ကောင်းကင်၊ ထက်ခွင်အုံ့ပျ ၊ငြိမ့်မျှကိုယ်တွင်း ၊ ဆီးနှင်းကျရွှမ်း ၊ချမ်းတို့စွလည်း၊ ရင့်မြကြာညောင်း`ဟူသော နတ်သျှင်နောင်၏ ဆောင်းရာသီအလွှမ်းမယ်ဘွဲ့ရတုပိုဒ်စုံကို ကျွန်ုပ်ဖတ်ပြီး အတွေးနယ်ချဲ့နေမိသည်။
နှင်းမြူမှုန်လေးတွေကြွေကာကြဲနေသောကြောင့် ကောင်းကင်မှာ မကြည်မလင် ထက်ခွင်အာကာမှာလည်း
အုံ့ပျပျနှင့် လွမ်းမောစရာကောင်းနေသည်။ အရှေ့အရပ်ဆီမှ သူရိယနေမင်းကြီးကလည်း ယနေ့မှမကြည်
မသာဖြစ်နေသည်။ထို့ကြောင့်ပင် ဆီးနှင်းများလည်း ရွှမ်းရွှမ်းဝေနေဆဲ ။ကျွန်ုပ်လည်း ချမ်းနေဆဲပင် ။
ထိုခဏမှာပင် ကြားရသည့်အသံကြောင့် ကျွန်ုပ်၏အတွေး ရပ်တန့်သွားသည်။ 0-သွေးအလှူခံနေသော
အသံဖြစ်သည်။ကျွန်ုပ်လည်း အသံကြားကြားချင်းပင် အသံကြားရာဆီသို့သွားပြီး သွေးလှူဒါန်းလိုပါကြောင်း
ပြောလိုက်သည်။ မန္တလေးမြို့၏ ပြည်သူ့ဆေးရုံကြီးသို့ သွားရသည်။သွားနေဆဲမှာပင် လူနာရှင်ကို လူနာ
အကြောင်းမေးသောအခါ ဦးနှောက်ခွဲစိတ်ကုသရမည်ဟု သိရသည်။ ပြည့်သူ့ဆေးရုံကြီးသို့ ရောက်သော
အခါ လျှောက်လွှာစာရွက်မှာ ဖြည့်စွက်စရာလေးတွေကို ဖြည့်ပြီး ဆေးစစ်ရသည်။ ကျွန်ုပ်သွေးလှူဒါန်းခွင်၍
အလွန်ဝမ်းသာသွားသည်။ ယခုသွေးလှူဒါန်းခြင်းသည် ကျွန်ုပ်၏ (၇)ကြိမ်မြောက် သွေးလှူဒါန်းခြင်းဖြစ်
သည်။ နှစ်သစ်၏ အဖွင့်နေ့ရက်သည် ကျွန်ုပ်၏ မွေးနေ့မွေးနံ အဂါင်္နေ့ဖြစ်သောကြောင့်လည်း အံသြမိ
သည်။ ပို၍ အံသြစရာကောင်းသည်ကား ကျွန်ုပ်ကဲ့သို့သော သွေးလှူရှင်များထဲမှာ အမျိုးသမီးများ ပါဝင်နေ
သောကြောင့်ဖြစ်သည်။ ယခုကဲ့သို့သွေးလှူဒါန်းသောနေရာမှာ ယောက်ျားသားများသာ လှူဒါန်းကြသည်ဟု
ကျွန်ုပ်မှတ်ထင်ထားသည်။ သို့သော်.....ကျွန်ုပ်အထင် စင်စင်ကြီး လွဲချော်သွားသည်။ ထို့ကြောင့်
သူတို့လေးတွေကိုကြည့်ပြီး အားရဝမ်းသာဖြင့် သာဓုလည်း ခေါ်မိပါသည်။ သြော်....`ပညာမည်းငြား
ထိုတရားလည်း ၊ ယောက်ျားတွင်သာ ၊မဟူရာဘူး ၊အမရာဒေဝီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည် ၊အပ္ပကဟူ
နည်းငယ်မူကား ၊ လူဝယ်ထိုသို့၊မိန်းမတို့လည်း ၊မချို့ပညာ၊ ရှိတတ်စွာ၏`ဟူသော မဃဒေဝလင်္ကာကို
အမှတ်ရမိသည်။ ကျွန်ုပ်သွေးလှူခန်းမှာ သွေးဖောက်ပြီး သွေးလှူရမည်။လှူနေဆဲမှာပင် ရတနာသုံးပါး
ဂုဏ်တော်တွေကို ပွားများပြီး လူနာရှင်ကိုလည်း မေတ္တာပို့ပေးနေသည်။ ထို့နောက်ပက်လက်အနေ
အထားမှ ဘေးတစောင်းကိုငဲ့ကြည့်သောအခါ စာတမ်းတစ်ခုကို တွေ့လိုက်ရသည်။ `သင့်သွေးဖြင့်
သူတစ်ပါးအသက်ကို ကယ်ပါ`ဟူသော စာတမ်းဖြစ်သည်။ မှန်ပါသည်။  ယခုအချိန်မှာ ကျွန်ုပ်သည်
ကျွန်ုပ်၏ ခန္ဓာကိုယ်တွင်းမှ သွေးဖြင့် သူတစ်ပါးအသက်ကို ကယ်နေပါပြီ။ ကျွန်ုပ်ကဲ့သို့ပင် အခြားသော
အမျိုးသား/အမျိုးသ္မီးများလည်း သူတို့၏ ခန္ဓာကိုယ်တွင်းမှ သွေးများဖြင့် သူတစ်ပါးအသက်ကို ကယ်နေကြ
ပါပြီ။ လူသားတိုင်းသည် စားဝတ်နေရေးအတွက် ဘဝမှာ နေ့စဉ်နေ့တိုင်း ရုန်းကန်လှုပ်ရှားနေရသည်။
စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်းဖြင့်ပင် ရက်ပေါင်းများစွာ နေ့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့
ကြသည်။`ကုသိုလ် ပညာ၊ ကိုယ်ကျန်းမာနှင့်၊ဥစ္စာတန်ဘိုး ၊တစ်မျိုးမျိုးမှ ၊ မတိုးမတက် ၊ထိုနေ့တွက်
သက်သက်ဝမ်းနည်းဖွယ်` ဆိုသလို ကိုယ်ဖြတ်သန်းလာခဲ့သော ရက်တစ်ရက် နေ့တစ်နေ့မှာ ကိုယ့်
အတွက် ကုသိုလ်၊ ပညာ၊ ကျန်းမာရေး ၊ ဥစ္စာတို့တွင် တစ်ခုခုသည် ကောင်းမွန်စွာတိုးတက်နေရမည်။
သို့မှသာလျှင် ဘဝမှာ နေပျော်ဖို့ကောင်းလှသည်။ ထိုသို့မဟုတ်လျှင် ဖြတ်သန်းလာခဲ့ရသော နေ့ရက်
တွေသည် အချည်းနှီးဖြစ်သလို ဝမ်းနည်းစရာလည်း ကောင်းလှသည်။
          2013နှစ်သစ်၏ အဖွင့်ရက်ကို သူတစ်ပါးတွေ ဘယ်လိုဖြတ်သန်းကြသည် မသိ ။ သိလည်း မသိချင်
ပါ ။ သိဖို့လည်း လိုလိမ့်မည် မဟုတ်ပါ ။ ကျွန်ုပ်အဖို့မှာ နှစ်သစ်၏ အဖွင့်နေ့ရက်ကို `သင့်သွေးဖြင့်
သူတစ်ပါးအသက်ကို ကယ်ပါ`ဆိုသော ဆောင်ပုဒ်လို သွေးလှူဒါန်းခြင်းတည်းဟူသော ကုသိုလ်ယူရင်းဖြင့်
ဖြတ်သန်းခဲ့ပါသည်။ ထို့ကြောင့် ထိုနေ့သည် ကျွန်ုပ်အဖို့မှာ နေပျော်ခဲ့ပါသည်။ သေမည်ဆိုလျှင်လည်း
သေပျော်ခဲ့ပါပြီ ။
                                                                                ရာဇဖွား
                                                                                 1. 1. 2013
                                                                                  အင်္ဂါနေ့
No comments: